လူတွေဟာ အချစ်ခံချင်ကြတယ်။
လူတိုင်းအနည်းနဲ့အများ အချစ်ခံရရင် ပျော်တယ်။
လူတော်တော်များများဟာ
ကိုယ်က ချစ်ဖို့ထက်
အချစ်ခံရဖို့ ပိုစိတ်ဝင်စားတယ်။
ငယ်ငယ်က မိဘတွေချစ်တာခံခဲ့ရလို့
ကျန်းမာပျော်ရွင်တဲ့သူ ဖြစ်လာတယ်။
ဒါပေမယ့် ကြီးလာတဲ့အခါမှာ
ကိုယ်ကမေတ္တာပေးနိုင်ဖို့ကို ပိုပြီး ဦးစားပေးရမယ်။
သီချင်းတွေ၊ရုပ်ရှင်တွေ၊
ဗွီဒီယိုတွေမှာ ချစ်တာနဲ့ပတ်သက်ပြီးတော့ လွဲမှားတဲ့ အယူအဆတွေ
ဆိုပြ ရိုက်ပြကြတာများတယ်။
"သူမချစ်ရင် ငါ သေမှာပဲ" ဆိုတဲ့ အဓိပ္ပါယ် ပေါက်နေတယ်။
သူမရှိရင် ငါ့ဘဝဟာ မပြည့်စုံဘူး ။
သူမရှိရင် ငါ အသက်ရှင်နေတာ အဓိပ္ပါယ်မရှိဘူးလို့ ယူဆပြီးတော့
တခြားတစ်ယောက်က ကိုယ့်ဘဝကို ပြည့်စုံသွားအောင် အဓိပ္ပါယ်ရှိသွားအောင်
လုပ်ပေးနိုင်လိမ့်မယ်လို့ မျော်လင့်ပြီးတော့
စွဲလမ်းနေတဲ့သူတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်
ဆက်ဆံရေးဟာ အဆင်မပြေတာပဲများပါတယ်။
ကိုယ့်ဘဝကို ပြည့်စုံအောင် အဓိပ္ပါယ်ရှိအောင်
တခြား ဘယ်သူမှလုပ်မပေးနိုင်ဘူး ။
ကိုယ့်ဟာကိုယ် လုပ်ယူရမှာပဲ ။
ကိုယ့်ဟာကိုယ် တကယ်ချစ်ဖို့ ၊
ကိုယ့်ကိုယ်ကို အဖက်ဖက်က ကောင်းလာအောင်
ပြုစုပျိုးထောင်ဖို့ ၊ ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ ၊
ကိုယ့်အားကိုယ်ကိုးဖို့ လိုတယ် ။
ဒါမှ ရင့်ကျက်ခိုင်မာတဲ့စိတ်နဲ့ ချစ်တတ်တဲ့သူဖြစ်မယ် ။
ကိုယ့်အားကိုယ်မကိုးနိုင်တဲ့သူက
တခြားတစ်ယောက်ကို ချစ်တယ်ဆိုတာ
အမှန်တော့ သူ့ဘဝရပ်တည်ရေးအတွက် ချစ်တာ၊
သူလိုတာတွေ ပေးနိုင်မယ်ထင်လို့ ချစ်တာ ။
သူ့အခက်အခဲတွေ ပြဿနာတွေကို
ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ပြီး ချစ်တာ။
အဲဒါမျိုးကို "မှီခိုတဲ့အချစ်"ခေါ်တယ်။
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန် စိတ်ဓာတ်ရင့်ကျက်မှု ပိုရှိလာအောင်
အရည်အချင်း ပိုရှိလာအောင်
အထောက်အကူပေးတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်မှ
စိတ်ချမ်းသာမှုရတဲ့ ဆက်ဆံရေးမျိုးဖြစ်မယ် ။
ကိုယ့်ကိုတစ်ကယ်စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်မယ့်သူရှိတယ်ဆိုရင်
ဝမ်းသာစရာကောင်းပါတယ် ။
ဒါပေမယ့် အဲလိုလူမျိုးမရှိရင်လည်း
ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေနိုင်ရမယ်။
ဒီအချက်ကို သေသေချာချာ သဘောပေါက်စေချင်တယ် ။
(ဆရာတော်ဦးဇောတိက -မဟာမြိုင်တောရ)
သူ့ကို ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။
ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
တော်တော်လေး စဉ်းစားစရာကောင်းတဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်က ဘာလဲဆိုတော့ ကိုယ့် ကိုယ်ပိုင်ခံယူချက်နဲ့၊ ကိုယ့်ရပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကြောက်ပြီးတော့ အလျှော့ပေးတာမျိုး မလုပ်ဘဲနဲ့ "ဒါဟာ ငါ့ ရပိုင်ခွင့်၊" "ဒါက ငါ့ခံယူချက်" ဆိုပြိး ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ နေနိုင်ဖို့ သတ္တိလိုတယ်
အဲသလို ကိုယ့်ခံယူချက်နဲ့ကိုယ် ရပ်တည်နိုင်ဖို့၊ ကိုယ့်ရပိုင်ခွင့်ကို ရဖို့ ဆိုတာမှာ သတ္တိလိုအပ်သလို ကိုယ့်ကိုယ်ကို ပေးနိုင်ဖို့ ဆိုတာမှာလည်း သတ္တိလိုအပ်တယ်။
သူ့ဆီက ဘာမှ ပြန်မမျှော်လင့်ဘဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ ပေးနိုင်ဖို့ သတ္တိလိုပါတယ်။ ရာခိုင်နှုန်းပြည့် ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့ သတ္တိလိုတယ်။ ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တိလိုတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုးမထားဘဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။ အရှုံးအမြတ် မတွက်ဘဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။ အနိုင်အရှုံး မရှိဘဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိလိုတယ်။ တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။
သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။ ငါ့ကိုယ်ငါ ပေးလိုက်လို့ရှိရင် ငါ့ကို ဘယ်လိုသဘောထားမလဲဆိုပြီး ကြောက်တဲ့စိတ်မျိုး ဆိုတာ ဖြစ်နိုင်တယ်။ ချစ်ဟန်ဆောင်တာ သတ္တိ မရှိလို့ပဲ။
ကိုယ့်ကိုယ်ကို ပေးနိုင်ဖို့ သတ္တိလိုပါတယ်ဆိုတာ တော်တော် စိတ်ဝင်စားစရာကောင်းပြီး တော်တော်လေးနက်တဲ့ အချက် ဖြစ်ပါတယ်။
ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)
#Credit
#Thu